လူစကားပြောတဲ့ ရွှေကျီးမ
လူစကားပြောတတ်တဲ့ငှက်ဆိုလို့ သာလိကာ၊ ကြက်တူရွေး စသဖြင့် မြင်ဖူးကြပေမယ့် စကားပြောတက်တဲ့ ကျီးကန်းဆိုတာကတော့ ရှာမှရှားပါ။
ရွှေကျီးမလို့အမည်ရတဲ့ ကျီးကန်တကောင်ဟာ မြန်မာစကားကို ၁၀ ခွန်းထက်မနည်း ပြောတတ်ပါတယ်။
အသက် ၆၀ ကျော်အရွယ် ဦးသန်းထွန်းဟာ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အပင်ပေါ်ကပြုတ်ကျနေတဲ့ ကျီးပေါက်လေးတကောင်ကို မတော်တဆတွေ့ရှိခဲ့တာဖြစ်ပြီး ဂရုဏာသက်မိလို့ မွေးထားခဲ့တာပါ။
ဒီလိုကျွေးမွေးထားခဲ့ရာက ရွှေကျီးမ ၃ နှစ်အရွယ်အရောက်မှာ လူစကား နားရည်ဝလာပြီး လူလို စကားစပြောလာကြောင်း၊ ပထမဆုံးပြောတဲ့စကားက သူ့သခင်ကို “သန်းထွန်းရေ”လို့ လှမ်းခေါ်တာဖြစ်ကြောင်း ဦးသန်းထွန်းက ပြောပါတယ်။
ရွှေကျီးမလေးဟာ သူ့နာမည် “ရွှေကျီးမ“ ဆိုတာကိုလည်း ပီပီသသ ခေါ်တတ်တဲ့အပြင် “ဟဲ့ခွေး” ၊ “ဟားဟား“ ၊ “လူလာနေတယ်” စတဲ့စကားတွေလည်း ပြောတတ်ပါတယ်။
ရွှေကျီးမလို့ခေါ်တွင်ပေမယ့် အထီးလား အမလား မသေချာဘူးလို့ ဦးသန်းထွန်းက ပြောပါတယ်။
ရွှေကျီးမဟာ ကိတ်မုန့်၊ လဖက်ရည်နဲ့ ကော်ဖီ အလွန်ကြိုက်ပြီး ဦးသန်းထွန်းကိုယ်တိုင် မုန့်ကိုပါးစပ်နဲ့ဝါးပြီး ခွံ့ကျွေးတဲ့အထိ သူတို့်ကြားက သံယောဇဉ်က ကြီးမားပါတယ်။
သခင်ကိုစိတ်ဆိုးလို့ ရွှေကျီးမတကောင် တနေကုန်ပျောက်သွားတဲ့အခါတွေလည်းရှိတတ်ကြောင်း၊ ဒါပေမယ့် ညနေစောင်းပြီးဆိုရင်တော့ ခြံဝန်းထောင့်သစ်ပင်ပေါ်ကနေ “သန်းထွန်းရေ၊ သန်းထွန်းရေ“လို့ အော်ခေါ်နေပြန်ရောလို့ ဦးသန်းထွန်းက ပြောပါတယ်။