အမေရိကန်ပိုင် အလာစကာပြည်နယ် ကမ်းလွန်မှာ ရုရှားက ခရုစ်ဒုံးကျည်တွေ ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်
စက်တင်ဘာ ၁၉
အမေရိကန်ပိုင် အလာစကာ ပြည်နယ်နဲ့ ရုရှားပိုင်နက်ကြား ရေပြင်ကို ရုရှားက ခရုစ်ဒုံးကျည်တွေ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုကြီးတခု ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်က လေ့ကျင့်မှုဟာ ဘာရင်ပင်လယ်ထဲ ခုတ်မောင်းလာမယ့် ရန်သူ စစ်သင်္ဘောတွေကို ကြားဖြတ် တိုက်ခိုက်တဲ့ သရုပ်တူ ကြိုတင် ပြင်ဆင်မှုလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ရုရှား စစ်မှုထမ်း ၁၀၀၀၀ လောက်ထိ ချိတ်ဆက် ပါဝင်ခဲ့ကြပါတယ်။
ရုရှားနိုင်ငံ အရှေ့ဖျားက ချူကော့ကာ ပြည်နယ်နဲ့ အမေရိကန်ပိုင် အလာစကာ ပြည်နယ်ကြားမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အာတိတ်စက်ဝိုင်းနဲ့ ဆက်စပ်နေတဲ့ ရေလမ်းကြောင်းသစ်ကို ကာကွယ်ဖို့ ပြင်ဆင်တဲ့ အစီအမံ တခုလည်း ဖြစ်တယ်လို့ ရုရှားက ဆိုပါတယ်။