လူတစ်ဦး နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းက သေရေးရှင်ရေးတမျှ အရေးကြီးတယ်ဆိုတာ သိပြီလား
-------- ဥပဒေနှင့် ထိတွေ့ခြင်း (၁၃) --------
အပြစ်ကင်းတဲ့ အများပြည်သူတွေဟာ ဥပဒေတစ်ရပ်က မိမိနဲ့တိုက်ရိုက်မပတ်သက်သရွေ့ ဒါဟာအစိုးရအလုပ်ပဲ၊ ဒါဟာ နိုင်ငံအုပ်ချုပ်သူတွေရဲ့ အလုပ်ပဲလို့ တွေးထင်ပြီးတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒီနေရာမှာ ဥပဒေတစ်ရပ်ကို အသုံးပြုပြီးတော့ အခွင့်အရေးယူလိုတဲ့လူတွေ၊ နည်းလမ်းရှာ အကြောင်းဖန်တီးချင်တဲ့ လူတွေကတော့ သူတို့ဖန်တီးလိုတဲ့ ဥပဒေနှင့်ပတ်သက်ပြီး အမြဲတမ်းလေ့လာပြီးတော့ ဖိအားပေးဝေဖန် အကြပ်ကိုင်နှောင့်ယှက်တဲ့ကိစ္စတွေ အများကြီးရှိနေပါတယ်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဆိုသည်မှာ တိုင်းပြည်ကို အုပ်ချုပ်စီမံခန့်ခွဲနေတဲ့ အစိုးရတစ်ရပ်တည်းကသာ ဆောင်ရွက်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ သူက ဦးဆောင်သူသာ ဖြစ်ပါတယ်။ ကျန်သော တိုင်းသူပြည်သားတွေ အားလုံးကလည်း သိရှိနားလည်ပြီးတော့ သဘောပေါက် လိုက်နာဆောင်ရွက် စောင့်ထိန်းစောင့်ရှောက်ရမယ့် ဥပဒေရပ်ထဲမှာပါတဲ့ အရေးပါတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။